Wednesday, July 27, 2016

Khit Thit Kyaut _ Idiots

မြန်မာသီချင်းတွေဟာ အမှန်တော့လည်း လက်တကမ်းမှာ ရှိနေတဲ့အတွက် ရေးဖို့ အစီအစဥ်မရှိသော်ငြားလည်းပေါ့နော် 😃

ဒီ အယ်ဘမ်ဟာ တော်တော်ကို စောင့်မျှော်ခဲ့ရပါသော အယ်ဘမ်ဖြစ်တာကလည်း တကြောင်း ၊
နောက်ပြီးတော့ S.I.R ဆိုတဲ့ အဖွဲ့ကြီးဟာ ကျွန်တော့်အတွက် အရမ်းသဘောကျ အရေးပါတဲ့ ဂီတအဖွဲ့ဖြစ်တာကလည်း တကြောင်း ၊
မနေနိုင် မထိုင်နိုင် ရေးမိလိုက်ပါကြောင်း ။ 😂

...

ပထမအချက်ကိုတော့ Idiots ရဲ့ လူအဂီတ ကို သဘောကျမိတဲ့ ပရိသတ်အားလုံး ထပ်တူခံစားမိမှာပဲ ဖြစ်လို့ သိပ်တော့ ရှင်းပြစရာမရှိပါ။ ၂၀၁၁ ခုနှစ် နှစ်လည်ပိုင်း နှစ်နှောင်းပိုင်းလောက်မှာထဲက ရေမွန်ကိုယ်တိုင်က ( facebook မှာပဲ ဖြစ်ပါလိမ့်မယ် ) ဒုတိယ အယ်ဘမ်ကို ခေတ်သစ်ကျောက် လို့ နာမည်ပေးထားပြီး စပြီး ပြင်ဆင်နေပါပြီလို့ ကြေငြာခဲ့ပါတယ် ။
၂၀၁၂ ၂၀၁၃ ၂၀၁၄ ၂၀၁၅ ၂၀၁၆ ဆိုတော့ ၅ နှစ်လောက် နီးနီး ကို စောင့်မျှော်နေခဲ့ရတဲ့ အယ်ဘမ်ပဲ ဖြစ်ပါတယ် ။

ဒီကြားထဲမှာတော့ ဒီသီချင်းကတော့ ခေတ်သစ်ကျောက် ထဲ ပါမှာပဲ ဆိုပြီး Online မှာ ထွက်ထွက်လာတတ်တဲ့ သီချင်းတွေ ရှိခဲ့ပါသေးရဲ့ ။
" အချိန်တွေ နှောင်းခဲ့ပြီ '' ၊ " တခန်းရပ် '' နဲ့ '' အပါးတော် '' တို့ သီချင်းတွေကတော့ ကျွန်တော်တို့ သူငယ်ချင်းတွေကြားမှာ တော်တော် နာမည်ကြီးခဲ့ဖူးပါရဲ့ ။
" အချိန်တွေ နှောင်းခဲ့ပြီ '' ကိုတော့ ရတနာမိုင် ပြန်ဆိုတာ ကြားခဲ့ရပြီး ( https://youtu.be/utYp8GzBqo8 )
" အပါးတော် '' ကိုတော့ ရိုမန်ဆန် ရှိုးမှာ ဆိုသွားတာ တွေ့ခဲ့ကြရပါတယ် ။ ( https://youtu.be/ri6zWwpc24w )

တခန်းရပ် သီချင်းကိုတော့ အရင်က စန္ဒယားအသံလေးနဲ့ အကြမ်းသွင်းထားတာ ကြားခဲ့ကြရပြီး '' တယောက်ထဲနေတဲ့အချိန် မိုးရွာချိန်တွေ '' မှာ ဆွေးလို့တော်တော်ကောင်းခဲ့ပါတယ် ။ ( https://soundcloud.com/hteza/hate-you-this-much )
ခု ဒီအယ်ဘမ်မှာတော့ စန္ဒယားသံအပြင် ဂစ်တာ ၊ တယော အစရှိတဲ့ တူရိယာ စုံစုံလင်လင် နဲ့ တီးခတ်ထားပြီးတဲ့အတွက် သီချင်း အသစ်တပုဒ်လိုမျိုး ခံစားချက် အသစ်ကို ရမိပြန်ပါတယ် ။

...

လူအဂီတထဲမှာ ကျွန်တော် ခုအချိန်ထိလည်း စွဲနားထောင်မိနေဆဲတဲ့ သီချင်းတွေကတော့ '' ချန်ခဲ့ ၊ မင်းနဲ့ နီးဖို့ ၊ နေရစ်ခဲ့တော့ ၊ မထိုက်တဲ့အလင်း ၊ ဆုလာဘ် ၊ မင်းအတွက်မင်း ၊ တွေ့ရတာဝမ်းသာတယ် '' ( ကုန်သလောက်ပါပဲ 😃 ) တို့ပဲ ဖြစ်တဲ့အတွက် ကျွန်တော် ကြိုက်တဲ့ သီချင်းအမျိုးအစားကိုတော့ မှန်းကြည့်လို့ လွယ်မယ် ထင်ပါတယ် ။ ဒါကြောင့် သီချင်း အကြမ်းတွေကို သိပ်သဘောကျပုံ မပြခဲ့ရင် ခွင့်လွှတ်ကြစေကုန် 😂 ။
ဒါ့အပြင် ဒုတိယ အယ်ဘမ်ကို ပြောပြချိန်မှာ ရှေ့အယ်ဘမ်နဲ့ ယှဥ်ယှဥ်ပြနေမှ မြင်လွယ်မှာ ဖြစ်လို့ သည်းခံဖတ်ပေးကြပါ ။

...

အဖွင့်အနေနဲ့ '' လူအ '' ဆိုတဲ့ သီချင်းနဲ့ အစပြုထားပါတယ် ။
" ငါ့ဘဝ ပြန်ယူ " လိုမျိုး Rock အဖွင့်သီချင်းပါပဲ ။ အစပိုင်း စက္ကန့်ပိုင်းအတွင်းမှာ " This is Motherf**king IDIOTS '' ဆိုတဲ့ အာခြစ်သံကြီးရဲ့နောက်ကွယ်က '' နောက်ဆုံးတော့ Idiots အနေနဲ့ ပြန်လာပါပြီ '' ဆိုတဲ့ အဓိပ္ပာယ်ကို အားလုံး ခံစားမိမယ် ထင်ပါတယ် ။ '' ကိုယ်လုပ်ချင်ရာ လုပ်တဲ့ လူအတယောက်ဟာ မင်းတို့အတွက် '' ဆိုတဲ့ စာသားကိုတော့ သဘောကျမိပါတယ် ။

ဒုတိယသီချင်းကတော့ Distortion ဆိုတဲ့ သီချင်းပါ ။ ဒီသီချင်းကိုတော့ ဒီလပိုင်း အရင် ၁လ ၂လ လောက်မှာ သူငယ်ချင်း တယောက်ဆီက ရခဲ့ဖူးပါတယ် ။ '' အသက်ငွေ့ငွေ့ '' ဆိုတဲ့ သီချင်းနဲ့ နှိုင်းယှဥ်လို့ ရမယ် ထင်ပါရဲ့ ။ '' နောက်ကျော '' လို သီချင်းမျိုးကို သဘောကျမိတဲ့သူတွေအတွက်ကတော့ အရမ်းသဘောကျမိလောက်တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ် ။ Show တွေမှာ Live ဆိုလို့ ကောင်းမယ့်သီချင်းလည်း ဖြစ်ပါရဲ့ ။

" ဒီလိုပဲ '' ဆိုတဲ့ သီချင်းကိုတော့ '' နေရစ်ခဲ့တော့ '' ဆိုတဲ့ သီချင်းနဲ့ တင်စားပါရစေ ။ Rock အမျိုးအစားတူတဲ့အတွက်သက်သက် မဟုတ်ပဲ ပေးချင်တဲ့ message ကလည်း သဘောတရားတူတူပဲ ဖြစ်လို့ပါ ။ '' ဘဝမှာ အမှားတွေ လုပ်မိရင်လည်း ပြန်ပြီး ကြိုးစားပါ ၊ အနိမ့်အမြင့် အတက်အကျတွေဟာ ဘဝပါပဲ '' ဆိုတဲ့ သဘောဆောင်တဲ့ သီချင်းတွေပါပဲ ။

" မလိုတော့ဘူး ၊ သူရဲကောင်း '' သီချင်းတွေကတော့ '' မထိုက်တဲ့ အလင်း ၊ မင်းနဲ့နီးဖို့ '' တို့လိုမျိုး အချစ်သီချင်းချိုချို အေးအေးလေးများ ဖြစ်လို့ ဟုတ်ပါတယ် ၊ တခေါက်နားထောင်ပြီးထဲက ကျွန်တော့်အတွက်တော့ ချက်ချင်းပဲ အကြိုက်ဆုံးသီချင်းစာရင်းဝင်ဖို့တန်းစီနေပါရဲ့ ။

" ဘာလိုသေးလဲ '' ဆိုတဲ့ သီချင်းကတော့ '' မင်းအတွက်မင်း '' လိုမျိုးပဲ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ဖို့ အကြောင်းကို ပြောပြသွားပါတယ် ။

"တခန်းရပ် '' သီချင်းကတော့ အပေါ်မှာ ပြောခဲ့ပြီးသလိုပါပဲ ။ version အသစ် အဖြစ်တီးခတ်ထားတာဖြစ်ပါတယ် ။ အသစ်လည်း နားထောင်လို့ ကောင်းပေမယ့် ၄နှစ်လောက်နားထောင်ခဲ့တဲ့ version အဟောင်းလေးကိုလည်း စွဲနေမိပါသေးရဲ့ ။

" အကျ '' ဆိုတဲ့ သီချင်းရောက်ချိန်မှာတော့ သီချင်းနှေးနှေးတွေရဲ့ tempo ကနေ ပြန်လည် မြန်ဆန်လာပြန်ပါတယ် ။ '' အတု '' ဆိုတဲ့ သီချင်းလိုမျိုးလို့ တင်စားချင်ပါတယ် ။ 😀

" ယုံကြည်မှု '' ဆိုတဲ့ ဒီသီချင်းကိုတော့ '' အဓိပ္ပါယ် '' ဆိုတဲ့ သီချင်းနဲ့ ယှဥ်ပြချင်ပြီး
" ယုံကြည်လိုက် မင်းကလွဲရင် အသေးအဖွဲပဲ ထင်ထား ..  ဘာကိုမှ ထပ်မရလည်း နင်ရှိလို့ ပြည့်စုံသွား '' ဆိုတဲ့ စာသားကို မြင်တာနဲ့ပဲ အချစ်သီချင်းကောင်းတပုဒ်မှန်း ခန့်မှန်းနိုင်ပါတယ် ။

" မင်းနဲ့ပတ်သတ်ရင် '' ဆိုတဲ့ သီချင်းကတော့ အပိတ်သီချင်းဖြစ်တဲ့ '' အိပ်ရာဝင်တေး '' နဲ့ အတူ ဒီအယ်ဘမ်မှာ ကျွန်တော် အကြိုက်ဆုံး သီချင်းပါပဲ ။ မရှိရှိအောင် နှိုင်းပြရရင်တော့ '' တွေ့ရတာ ဝမ်းသာတယ် '' နဲ့ ယှဥ်ရမှာ ဖြစ်ပေမယ့် နှစ်ပုဒ်လုံးဟာ ကိုယ့်ပုံစံနဲ့ ကိုယ် ကောင်းမွန်ပါတယ် ။

" အရှင်ဂီတ '' ကိုတော့ ထပ်မပေးနဲ့တော့ နဲ့ နှိုင်းယှဥ်ချင်ပြီး
" ရူးသူဘဝ '' ကိုတော့ ဘာနဲ့ယှဥ်ရမယ်ဆိုတာ ကို မသိပါဘူး ။ ကျွန်တော့်တယောက်ထဲအနေနဲ့တော့ အောင်လအသံရယ် ရေမွန်အသံရယ်ကို သေချာမခွဲနိုင်ဘူးဖြစ်နေပါတယ် ။
Tracklist ကို စတွေ့ချိန်မှာ အမျှော်လင့်ထားဆုံးသီချင်း ဖြစ်ပေပေမယ့် သိပ်တော့ သဘောမကျမိဘူးရယ်ပါ ။

အဆုံးပိတ် အိပ်ရာဝင်တေးကတော့ '' ဆုလာဘ် '' နဲ့ ယှဥ်ရမှာဖြစ်ပေမယ့်  တယောသံလေးနောက်ခံထားတဲ့ ဒီသီချင်းလေးဟာ ကျွန်တော် အကြိုက်ဆုံးသီချင်းဖြစ်လာပါတယ် ။
ပထမ လူအဂီတ မှာ ကျွန်တော်အကြိုက်ခဲ့ဆုံးကလည်း အဆုံးပိတ် '' တွေ့ရတာ ဝမ်းသာတယ် '' ပဲ ဖြစ်တဲ့အတွက်ကြောင့်
Idiots အယ်ဘမ်တွေဟာ အဆုံးသတ်ကောင်းတယ်လို့ ခံယူမိပါရဲ့ ။

...

ကျွန်တော်ကိုယ်တိုင်လည်း အယ်ဘမ် အစအဆုံးကို တခေါက်ပဲ နားထောင်ရသေးတာဖြစ်ပြီး
နှစ်သက်မိတဲ့ သီချင်းတွေသာ ထပ်ခါနားထောင်မိတဲ့ အတွက် တချို့ သီချင်းတွေအပေါ်မှာ အမြင်မတူတာတွေ ရှိကောင်းပါသေးရဲ့ ။

ဒီအယ်ဘမ်ကို အားပေးချင်တယ်ဆိုရင်တော့ နီးစပ်ရာ City Books and Music ( City Mart ) တွေ
၄၆လမ်း အပေါ်ဘလောက် ( The Sun Music)  မှာ ဝယ်ယူနိုင်ကြပြီးတော့
Myanmar Music Store ( http://www.myanmarmusicstore.com/AlbumDetail.aspx?albumid=B0001241 ) ကနေကလည်း တရားဝင် ဝယ်ယူအားပေးနိုင်ကြမှာပဲ ဖြစ်ပါတယ် ။

...

ဒီနေရာထိ သည်းခံ ဖတ်လာပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ် ။
နောက်ထပ် သီချင်းကောင်းတွေကို ထပ်ပြောပြချင်ပါသေးရဲ့ ။

Peace. V

No comments:

Post a Comment